ရခိုင်ပြည်နယ်၊အမ်းမြို့နယ်မှာရှိတဲ့ အရမ်းစည်ကားတဲ့ တပ်တောင်ရွာကလေးကိုသိလား၊။ အဲဒီရွာကကျနော့်ဇာတိချက်ကြွေမွေးရပ်မြေလေ။အရှေ့အရပ်မှာ ရေငံရေချိုစပ်တဲ့ချောင်းကလေးတစ်ခုရှိတယ်ဗျ။ အနောက်အရပ်မှာတော့ ဂုံးမတောင်ဆိုတဲ့တောင်တန်းတွေ ကငေးလို့မဆုံးအောင်ရှည်လျားနေတယ်ပေါ့။
ခင်ဗျား မြင်ယောင်ကြည့်လိုက်စမ်းပါ၊။ မြောက်ဘက်မှာဆိုလည်း မဲတောင်လို့ အမည်ခေါ်တဲ့တောင်က
စပြီးတောင်စဉ်တောင်တန်းတွေနဲ့။
ဟော စစ်တပ်တောင်မှာတည်ထားတဲ့ဆုတောင်းပြည့်ဘုရားပေါ်က တောင်ဘက်ကိုလှမ်းကြည့်လိုက်ပြန်ရင်
လည်း သပြုချိုင်တောင်ကြီးတွေနဲ့အတူ အရမ်းလှပတဲ့ မြစ်ပြင်ကျယ်ကြီးတွေကိုမြင်ရျမှာလေ။
ဒါလောက်လေးပြောလိုက်ရုံ နဲ့ ခင်ဗျားကျွန်တော်တို့ ရွာလေးလှပတာ နည်းနည်းလောက်တော့ပေါ်လွင်လာပြီမဟုတ်လား။ ဆက်ပြောဦးမယ် အဲဒီချောင်းလေး မှာပဲ အရင်တုန်းကဆို ကျောက်ဖြူ။စစ်တွေ သင်္ဘောကြီးတွေ တစ်ပတ်ကို တစ်ခါလောက်ပြေးဆွဲပေးနေတာ။
ကျနော်တို့ ငယ်ငယ်တုန်းကဆို သင်္ဘောဆိပ်ကိုသွားပြီးတော့ သင်္ဘောလာချိန် ကိုသွားသွားစောင့်တတ်
ကြတာ။ ဒါပေမယ့်အခုတော့ သင်္ဘောလမ်းကြောင်း ကတိမ်ကောလာတာကြောင့် သင်္ဘောခရီးစဉ်တွေ
မဆွဲတော့ဘူးလေ။ တခြားအကြောင်းတွေကိုတော့ ကျနော်လည်းမသိပါဘူး။
သင်္ဘောမရှိတော့တာနဲ့ ကျနော်တို့ရွာ လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲသွားမယ်များ
မထင်လိုက်နဲ့နော်။ ကျနော်တို့ရွာ ကမ်းနားတလျောက်လုံး မှာရှိတဲ့ အိမ်တွေမှာ ဟွန်ဒါလို့ အလွယ်တကူ
ခေါ်ကြတဲ့ ပဲ့ထောင့်စက်လှေက တော့ တစ်အိမ်မှာ တစ်စီးလောက်က အနည်းဆုံးရှိတယ် ။
ဒါဆိုကုန်းလမ်းကျတော့ကော လို့ ခင်ဗျား စောဒကမတက်နဲ့ဦးနော်။
ကုန်းလမ်းဆိုရင်လည်း ရန်ကုန်ကို ဘယ်ဘက်ကသွားချင်သလဲ။ အမ်းရိုးမကိုကျော်ပြီးတော့ ပဒါန်းဘက်ကနေသွားချင်သလား ။ တောင်ကုတ်ရိုးမကနေပြီးတော့ တောကောင်သားချက်ကောင်း
ကောင်းလေးစားပြီးသွားချင်သလား။ ဒါမှမဟုတ် ရခိုင်ပြည်ရဲ့မြို့တော် စစ်တွေကို သွားချင်သလား။
အားလုံးအေးဆေး အဆင်ပြေချောမွေ့စွာနဲ့ သွားနိုင်ပါတယ်။ ဒါပေမယ့် အမ်းဘက်က နေပြီးရန်ကုန်
ကိုသွားချင်ရင်တော့း အမ်းမျြို့ကို ဆိုင်ကယ် ကယ်ရီနဲ့ပဲဖြစ်ဖြစ်၊ လိုင်းကားနဲ့ပဲဖြစ်ဖြစ် ၂၄မိုင်သွားရလိမ့်မယ်။
တောင်ကုတ်ဘက်ကသွားချင်ရင်တော့ အမ်းရိုးမ၊ နဲ့ မာန်သစ္စာ ခရီးသည်နဲ့ကုန်သည်ပို့ဆောင်ရေး ခရီးစဉ်က ရန်ကုန်ကို တိုက်ရိုက်ပို့ဆောင်ပေးနေပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက် မှုကနည်းနည်းလေး
နှေးနေတော့ ကားဂိတ်ရှိတဲ့ ဟိုဘက်ကမ်းကိုစက်လှေနဲ့ ကူးပြီးမှ သွားရလိမ့်မယ်။ပြီးမှ ခုမှဖောက်လုပ်ကာစ ရှိသေးတဲ့ ဖုန်ထူထူလမ်းလေးပေါ်ကနေ ရန်ကုန်ကို တိုက်ရိုက်ခရီးစဉ်ပါပဲခင်ဗျ။
အဲ တစ်ခုတော့ပြောရဦးမယ် ရွာဆိုပေမယ့်တော့အထင်မသေးနဲ့ဦးနော် ။ ကြွားလက်စနဲ့ဆက်ကြွားဦးမယ်
ကိုယ့်ဟာမဟုတ်ပေမယ့် ရွာမှာက ကိုယ်ပိုင်ကားတွေနဲ့ အေးဆေးတွေ။ သူဌေးတွေ အများကြီး။
ပြောချင်တာလေးတွေနည်းနည်းလွဲနေတော့ ခွင့်လွှတ်နော်။ ကျနော်တို့ ရွာက ရွာလို့ဆိုပေမယ့်
တော်ရုံတန်ရုံ မြို့လို့ပြောလို့ရအောင် စည်ကားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရွာကို
အမ်းမြို့နယ်တစ်မြို့နယ်လုံး နီးပါး ဈေးလာဝယ်ရတာလေ။ နည်းနည်းလေးဈေးကြီးတာကလွဲရင်
ဈေးရောင်းတဲ့သူ တွေက ရိုက်စားတို့ လူကြည့်ပြီးလိမ်ရောင်းတာတို့တော့မရှိဘူးခင်ဗျ။ ဟိုတစ်နေ့က
ဖတ်ရတဲ့ တပ်တောင်ရွာကို ဆေးခန်းလာဖွင့်တဲ့ ဆရာဝန်တစ်ယောက်ရေးထားတဲ့ ဘလော့မှာတော့ တပ်တောင်ရွာ
ရဲ့ ဈေးပတ်ပတ်လည်ဖွင့်ထားတဲ့ ရွှေဆိုင်တန်းကြီးတွေ လို့သုံးပြီး အမ်းမြို့မှာတောင် စုစုပေါင်းလိုက်ရင်
နှစ်ဆိုင်ပြည့်အောင်မရှိဘူးလို့ ဖတ်လိုက်ရပါတယ်။ အမ်းမြို့မှာက ရွှေဆိုင်နှစ်ဆိုင်မကတော့ ရှိတာ
မှန်ပေမယ့် တကယ့်တကယ်ပန်းတိမ် ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာတော့ ကျနော်တို့
တပ်တောင်ရွာလောက် မရှိတာတော့ အမှန်ပါပဲ။ ဒီလောက်ရွှေဆိုင်တွေများရင် ကျနော်ပြောနေတဲ့
တပ်တောင်ရွာဆိုတာ စီးပွားရေးမှာ အချက်အချာ ကျနေတယ်ဆိုတာကတော့ ခင်ဗျား ငြင်းလိုက်ရင်တော့
တရွာလုံးနဲ့လာ ငြင်းရလိမ့်မယ်ဗျ။
ငါးဒိုင်။ပုဇွန်ဒိုင်။ဂဏန်းဒိုင်တွေနဲ့ဆိုတော့လည်း ရေလုပ်ငန်းစီးပွားရေးကလည်းမဆိုးဘူးလို့ပြောရမှာပဲ။ ကျနော်ဆိုလတ်လတ်ဆတ်ဆတ် ချောင်းထဲကရလာတဲ့ငါးတွေကို ဈေးချိုချိုလေးနဲ့စားနေကျဆိုတော့
ရန်ကုန်တို့ လိုမှာရေခဲရိုက်ထားတဲ့ ငါးတွေဈေးကြီးးပေးစားရတော့ အရသာကို ခံလို့မရပါဘူးဗျာ။
ရွာဈေးဆိုပေမယ့် ကျနော်တို့ရွာဈေးကိုသေးသေးလေးတော့မထင်နဲ့နော်။ အရင်တုန်းက စပါးကုန်စည်
ဒိုင်ဖွင့်ခဲ့တဲ့တောင်ကြီးပေါ်မှာ ဘူဒိုဇာတွေနဲ့ထိုးပြီးတော့ အခိုင်အမာတည်ထားတဲ့ဈေးကြီးဗျ။ ဆိုင်ခန်းတွေ
ဆိုရင်မလောက်လို့ အဲဒီဈေးနီးနားက အိမ်တွေများတန်ဖိုးတွေမြင့်ကုန်သွားတာ ပြောကိုမပြောတတ်တော့
ပါဘူး ။ မပြောတတ်ဘူးဆိုလို့ ပြောတတ်တယ်လို့မထင်နဲ့နော်။ တကယ်ကို မပြောတတ်တာ။ ဈေးမှာဖွင့်
ပေးတဲ့ ဆိုင်ခန်းတွေနဲ့မလောက်တော့လို့ပတ်ဝန်းကျင်ကအိမ်တွေကို ၀ယ်ပြီး ဆိုင်ခန်းတွေဆောက်လိုက်
ကြတာ ခုထိကိုမလောက်သေးဘူးဆိုပါတော့။ တော်ရုံရပ်ကွက်ကြီး တစ်ခုလောက်ရှိတယ်ခင်ဗျ။ ဘယ်လောက်ထိတောင်လဲဆိုရင် တစ်ရွာလုံးမှာတစ်ခုသာရှိတဲ့ စာကြည့်တိုက်လေး ပျောက်ကွယ်လုလု
နီးပါးဖြစ်ရအောင်ထိပါ။ခုထိကို တပ်တောင်ရွာဈေး ဈေးကွက်ကတန်ဖိုးကြီးမားနေတုန်းပဲ ခင်ဗျ။
ပညာရေးကလည်းမပြောနဲ့တော့ အထက်တန်းကျောင်းကတစ်ကျောင်းတည်းဆိုပေမယ့်
ကျောင်းသားတွေနဲ့ လုံလောက်အောင် အထက်တန်းကျောင်းဆောင်တွေကတော့ အများကြီးပဲ။
ဒါပေမယ့် စာသင်မသင်တော့ ကျနော်လည်းမသိတော့ဘူးနော်။ ကျနော်တက်ခဲ့တုန်းကတော့
သင်သလိုပါပဲ။ အဲဒီကျောင်းကကျနော်ပြောခဲ့တဲ့ ဆုတောင်းပြည့်တဲ့ ဘုရားတည်ထားတဲ့ တောင်ခြေရင်း
မှာရှိတာလေ။ကျနော်တို့ကျောင်းနောက်ဘက်ကဆို အတော်လေးကိုကြီးတဲ့ရေကန်တစ်ကန်ရှိတယ်။
အဲဒီကန်ရဲ့ ဟိုဘက်ကဆို ရွာရှင်မလို့ပြောကြတဲ့တောင်ရှိတယ်။ သူနေတဲ့သစ်ပင်ကတော့ အရမ်းကြီး
တဲ့ကညင်ပင်ကြီးပေါ့။ တခြားရွာတွေမှာဆို အဲလောက်ရှိတဲ့သစ်ပင်ပုံမျိုးနဲ့ သစ်သမားတွေက ခုတ်ပြီး
နတ်တွေကိုတခြားအပင်ကိုပြောင်းပေးခဲ့လောက်ပြီ။ ဟီး ဟီး။
ကျနော်တို့ရွာ ဘာသာတရားကိုင်းရှိုင်းတာ အဲဒါတွေလည်းပါတယ်လေ။ နတ်ကိုးကွယ်
တဲ့ဝါဒကတော့ ကျနော်တို့ရွာမှာ သိပ်မရှိတော့ပေမယ့် တစ်နှစ်တစ်လေ နတ်ဆိုင်းသံလေးတွေနဲ့ နတ်က
ပွဲတွေကြားနေရတုန်းပါ။ နတ်ကတဲ့ အလေ့ အထကတော့ ပညာတတ်တွေပေါများလာလို့လား။ ဒါမှမဟုတ် ငွေမရှိလို့နတ်မကနိုင်တာလားလို့တော့ ကျနော်လည်းမလေ့လာမိလို့ မသိဘူးဆိုပါတော့။
ဒါပေမယ့် ငယ်ငယ်တုန်းကတော့ နတ်သံကြားရင် ဘာရယ်မဟုတ် ကျနော်ကသွားပြီးကြည့်တာပါပဲ။
ဘယ်လိုပဲပြောပြော ကြည့်လို့ကောင်းတာကတော့ အမှန်ပါ။ တခြားနိုင်ငံကလာရင်တော့ ဒါဟာ ယဉ်ကျေးမှု အနေနဲ့ ပြသနိုင်မှာဖြစ်ပါတယ်။ ရိုးရာအမွေအနှစ်အဖြစ်ထိမ်းသိမ်းသင့်ပေမယ့် ကျနော်တို့
ဗုဒ္ဒဘာသာ အနေနဲ့ကတော့ ဘာသာတရားရဲ့ အခြားတစ်ဖက်မှာရပ်တည်နေတဲ့ အယူလွဲဝါဒမို့လို့
ကျနော်ကတော့ သဘောမကျသလိုတော့တွေ့ပါတယ်။ ဘယ်လိုပဲပြောပြော ကျနော်တို့ဆယ်တန်းဖြေ
မယ်ဆိုရင် မျက်နှာဖုံးဆက်တယ်ဆိုတာကတော့ ယုံယုံ မယုံယုံ ခုထိလုပ်ကြတုန်းလေ။
ဗုဒ္ဒဘာသာဆိုတဲ့ သာသနာဆိုတာကတော့ မပြောနဲ့တော့။ ရွာကညီညွတ်တယ်ပြောရမလား။
ဒါမှမဟုတ် မညီညွတ်ဘူးပြောရမလားတော့မသိပါဘူး။ မြို့လောက်နီးပါး ရှိတဲ့ ကျနော်တို့ရွာမှာ ဘုန်းကြီး
ကျောင်းဆိုလို့ လူတစ်ယောက်ခွဲလောက်ဖက်ရတဲ့ တိုင်လုံးကြီးတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့
သုံးထပ် ဘုန်းတော်ကျောင်းကြီးတစ်ကျောင်းတည်းသာ ထီးထီးကြီးကို ရှိပါတယ်ခင်ဗျ။
ဒီကျောင်းတော်မှာပဲ အရင်ကသီတင်းသုံးတော်မူခဲ့တဲ့ဆရာတော်ကြီး ဟာလည်းတော်တော်ကြီးကိုသိက္ခာ
တော်ကြီးတာကိုး။ ခုတော့ ပျံလွန်တော်မူသွားရှာပါပြီ။
ခုတော့ဦးသောဘိတ ဆိုတဲ့ဆရာတော်က ဆက်ပြီးရွာရဲ့သာသနာတော်ကိုထိမ်းသိမ်းစောင့်
ရှောက်နေပါတယ်။ ပြောရဦးမယ် ကျနော်တို့ရွာက ရွာတည်တာနှစ်ငါးဆယ်မပြည့်သေးဘူးလို့ဆိုကြပါ
တယ်။ ကျနော်တို့ရွာမှာ ရွာဦးကျောင်းဆရာတော်ပျံလွန်တော်မူတာ ပထမဦးဆုံးပဲဗျ။ ခင်ဗျားစဉ်းစား
ကြည့်နော် ရွာတည်တာနှူစ်ငါးဆယ် မပြည့်သေးတဲ့ရွာတစ်ရွာဟာ ဘယ်လောက်တိုးတက်လဲဆိုတာ။
ဆရာတော် ဈာပန ပွဲတော်တုန်းကများဆိုဗျာ သုံးရက်နဲ့မပြီးနိုင်လို့ ခြောက်ရက် ပွဲတော် လုပ်ရတာ။
နေ့ရော ညရော ရွာထဲမှာ ပွဲခင်းထဲမှာ လူကိုမစဲပါဘူးဗျာ။ ၂၄ နာရီပတ်လုံးနော်။ တကယ်ပြောတာ။
ပွဲထဲမှာဆို ညနေ သုံးနာရီလောက်ကတည်းက ဇတ်ပွဲကြည့်ဖို့ကိုယ့်ဖျာကို လာစောင့်ပြီး အိပ်လိုအိပ်၊
ထိုင်သူထိုင်နေကြတာ ။ ကျနော်ပြောတာနည်းနည်းများလွဲနေသလားနော်။
သာသနာဆိုလည်း ကျနော်တို့ရွာထဲမှာတင် တရားပွဲတော်များ စည်ကားလိုက်တာ ခုဆို
ကိုးကြိမ်လား၊ ဆယ်ကြိမ်လား ပဲ။ ဟိုဘက်က သင်္ဘောဆိပ်ဟောင်းပိုင်း ဆိုတဲ့ရပ်ကွက်ကဆို ကျနော်တို့
ရွာလယ်ပိုင်းထက် ပိုတောင်ပိုလားပဲ။ ကျနော်လည်းသိပ်မမှတ်မိတော့ဘူးလေ။ ဒါပေမယ့် ဘယ်ရပ်ကွက်
ဘယ်အပိုင်းရယ်လို့တော့ဘယ်ဟုတ်မှာလဲ တရားတော်ဟာ တရားတော်ပဲမဟုတ်ပါလား၊ ၊။
ကျနော်ပြောနေတာ နောက်တစ်မျိုးများလွဲသွားပြန်ပြီလားနော် ။
(ဆက်လက်ရေးသားပါဦးမည်။ လိုတာများရှိရင် အကြံအညာဏ်လေးများပေးနိုင်ပါတယ်)
No comments:
Post a Comment