ကိုတိုး ဆိုတဲ့ကျနော် သိန်းထောင့်ငါးရာထီပေါက်ပြီ တဲ့
ဟုတ်လား
မဟုတ်ပါဘူး
ထီပေါက်တယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်တာပါ ဗျာ
ဒါပေမယ့် သူများတွေလို စိတ်ကူးယဉ်တာမျိုးမဟုတ်လို့ အင်တာနက်ပေါ်တင်လိုက်ပါတယ် ခင်ဗျာ။
နည်းနည်းလောက်ဖတ်ကြည့်လိုက်နော် ။
ကျနော် သိန်းထောင့်ငါးရာ ထီပေါက်ပါတယ် ခင်ဗျ။
ထီပေါက်တော့ ဘာလုပ်တယ်ထင်လဲ ။ အားလုံးနီးပါး စိတ်ကူးယဉ် တတ်ကြတဲ့အတိုင်းပဲ ကျနော် ပထမဆုံး ခုနောက်ဆုံးပေါ်ကားလေးတစ်စီး ၀ယ်ပါတယ်။ ဈေးလဲ တော် စီးလို့ လည်းကောင်းတဲ့ကားလေးပေါ့ ။
သိန်း (၃၅၀) နဲ့ဝယ်လိုက်တယ်လေ။ ပြီးတော့ ရန်ကုန်မှာ နေဖို့ အတွက်သိန်း (၃၀၀) တန် တိုက်ခန်းလေးတစ်ခန်းကိုလည်း ၀ယ်လိုက်တယ် ခင်ဗျ ။
တချို့ကတော့ပြောမှာပေါ့
ကားလည်းဝယ် တိုက်ခန်းလည်းဝယ်တာထက် စီးပွားရေး လုပ်ပါလားလို့ လေ။
ဒါပေမယ့် ကျနော့်မှာက အကြောင်းရှိတယ်လေ။
ဟဲဟဲ ဟဲ မိန်းမယူမလို့ ဆိုပါတော့ ။
ဒီတော့ လက်ရှိကျနော်နဲ့ ကြိုက်နေကြတဲ့ ကောင်မလေးနဲ့ပေါ့ ။ အဲ သူနဲ့ မင်္ဂလာ ကိစ္စတွေ ကို စီစဉ်တယ်ခင်ဗျ။ မင်္ဂလာခန်းမ ငှားရမယ်ပေါ့ အဲဒီမှာ သူ့မိဘ တွေ သူ့ဆွေကြီးမျိုးကြီးတွေ တက်မှာဆိုတော့ တော်ရုံမင်္ဂလာ ခန်းမမှာလည်းမလုပ်ချင်ဘူးတဲ့လေ။ ဒီတော့ ဈေးလည်း တအား
မကြီး သင့်တင့်တဲ့ ခန်းမတွေကိုရှာရတာပေါ့နော။
အဲ ဧည့်သည် ငါးရာလောက်ဆန့်တဲ့ ခန်းမ နဲ့ တစ်ခါတည်း စားပွဲ သောက်ပွဲပြင် ပြီး စီး အားလုံး သိန်း (၁၅၀)လောက် ကုန်မယ့်ခန်းမ ကိုငှား လိုက်ပါတယ်ခင်ဗျ။ ဒါနဲ့မပြီးသေးဘူး မင်္ဂလာခန်းမမှာ တီးဖို့တီးဝိုင်းတွေ ကိုလည်း သိန်း( ၃၀) နဲ့ ငှားရသေးတယ်လေ။ ပြီးတော့ မင်္ဂလာ ဘိသိက်သွန်းဖို့ ဘိသိက်ဆရာ ရန်ပိုင် စိုး ကိုမှ ငှားချင်တယ်တဲ့ ။ ဒါနဲ့မ ပြီးသေးပါဘူး မင်္ဂလာအခါပေး သီိချင်းဆိုဖို့
ချိုပြုံး ကိုလည်း ငှားလိုက်သေးတယ်ခင်ဗျ ။
တစ်သက်မှာ တစ်ခါသာလုပ်တဲ့ မင်္ဂလာပါမောင်ရယ် သူများလိုတော့ ခန်းခန်းနားနား နဲ့ လုပ်ချင်တာပေါ့
လို့ပြောတဲ့ ချစ်သူ မျက်နှာပျက်အောင် ကျနော်က ဘယ်လုပ်ချင်ပါ့မလဲဗျာ ။ ပြီးတော့ ကျနော် သိန်းထီ
ပေါက် ထားတာနဲ့ လည်းကျွေးချင်မွေးချင်သေးတာကိုး။
အဲဒါနဲ့ မင်္ဂလာကိစ္စ မှာ အားလုံးပေါင်း သိန်း(200) လောက်ကုန်သွားတယ်ဆိုပါတော့ ။
လူဆိုတာ ကုသိုလ် ကံထူးလာရင် များ ချက်ချင်းကြီးကို တက်လာတယ် ကြားဖူးသလိုပါပဲ ။
ဟော ခုကြည့် ကုမ္မဏီ တစ်ခုမှာရှယ်ယာမင်း တစ်ယောက်ဖြစ်တဲ့ ငယ်ပေါင်းကြီးဖေါ် သူငယ်ချင်း တစ်ယောက်ကလည်း ဟေ့ကောင် မင်းမှာလည်း လက်ထဲမှာ ငွေပိုနေတယ် လောလောဆယ် အလုပ်မဖြစ်သေးဘူး ငါလည်း အမေရိကန် မှာ အပြီးပြောင်းနေတော့မှာ ဆိုတော့ ငါ့ကုမ္မဏီ မှာငါဝင်ထားတဲ့ ရှယ်ယာတွေကို မင်းဝယ်ထားလိုက်ပါလား တဲ့လေ ။
ကော်တာပဲပေါ့ နော်။ ကျနော်လည်း သူ့ရှုယ်ယာတွေကို သိန်း(၅၀၀) နဲ့ဝယ် ထားလိုက်ပါတယ်။
သူငယ်ချင်းကို တကယ်ချစ်တဲ့ကောင်ပါ ။ အဲဒါပြောတာပေါ့ မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးဆိုတာ ။
ကျနော် နဲ့ သူနဲ့ မိတ်ဆုံစားပွဲ လုပ်ပြီးတော့ နောက်နေ့မှာပဲ သူနိုင်ငံခြားကို အပြီးတိုင်ပြောင်းသွား တာကို
ကျနော် လိုက်ပို့လိုက်ပါတယ်။ ဟုတ်တယ်လေ ကိုယ့်ပေါ်မှာကောင်းတဲ့သူနဲ့ တစ်သက်လုံးခွဲရတော့မှာကို။
မျက်ရည် လေးတောင်ကျလိုက်သေးတယ်။
နောက်နေ့ ကျတော့ ကျနော့်မင်္ဂလာဆောင်ပါခင်ဗျ ။
ပျော်လိုက်တာဗျာ ရှင်လိင်ပြန်တဲ့နေ့ ထောင်ကထွက်တဲ့နေ့ မိန်းမယူတဲ့နေ့ ဆိုတာ ယောင်္ကျားလေးတို့
ဘ၀မှာ အပျော်ရဆုံး အချိန်ဆိုတာ ခုမှပဲသိတော့တာကိုး။
ထီကပေါက်တယ် ချောပါပေ့ လှပါပေ့ ဆိုတဲ့ ကောင်မလေးနဲ့လည်း မင်္ဂလာဆောင်ရတယ် ။ ငါလိုလု
ဒီဇဗ္ဘူမှာ ရှိသေးရဲ့လားလို့တောင် စိတ်ကူးထဲ က အကြိမ်ကြိမ်အော်မိပါရဲ့။
ဟော ခန်းမထဲမှာလည်း ကြည့်လိုက်စမ်း ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ကို အားကျပြီး ငေးနေလိုက်ကြတာ
ဟင်း ဟင်း ကျနော်လည်း ဘယ်ရမတုန်း ရင်ကော့ခေါင်းမော့ ဇနီး ချောလေး လက်ကိုကိုင်ပြီး လမ်းလျှောက်ပြ လိုက်တာပေါ့နော။
အဲဒီ အချိန်မှာပဲခင်ဗျာ ဇတ်လမ်းက စတော့တာ.......
ကလေးတစ်ယောက်နဲ့ လူတစ်ယောက်ဝင်လာပြီး ကျနော့်ကိုပြော တာပေါ့
ဟေ့လူ ဒါ ကျုပ်မိန်းမဗျ ဟောဒီမှာ လက်ထပ်စာချူပ် ဟောဒီမှာ သူနဲ့ရတဲ့ ကလေး တဲ့လေ
ကျနော်လည်း ဘေးနားက သူ့ကိုကြည့်လိုက်တော့ သူဘာမှ မပြောနိုင်ပါဘူး ငိုနေတယ်လေ
အဲဒီလူကပြောသေးတယ်။
ခင်ဗျားကို တရားစွဲမယ်တဲ့လေ မိန်းမခိုးမှုနဲ့တဲ့။
ကဲ မင်္ဂလာပွဲပျက်ပြီပေါ့ဗျာ
အကုန်လုံပြန်တော့ ကျနော်လည်း မိန်းမခိုးမှုနဲ့ တော့ထောင်ကျမ ခံနိုင်ဘူး လို့စိတ်တင်းပြီး
အဲဒီလူ ကိုခေါ်ပြီး တိုးတိုးတိတ်တိတ် တိုင်ပင်ရတာပေါ့့ဗျာ။
သူကလည်း ဈေး ကိုင်တယ်ခင်ဗျ ။
ကျတော် သိန်းထီပေါက်ထား တာကိုသိတာကိုး ။ ဒါနဲ့ နောက်ဆုံး သိန်း(၁၀၀) နဲ့ ဘာအမှုမှမလုပ်ပါဘူးဆိုပြီး ကိစ္စ ပြတ်သွားတယ်ဆိုပါတော့လေ။
အံမယ်လေးဗျာ ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းတယ်ဆို ရမယ်ပေါ့နော။ ကျနော်လည်း ဒီလိုပဲဖြည့်တွေးရတယ်လေ။ စိတ်ကတော့ နည်းနည်းညစ်တာပေါ့ဗျာ ။
ဒါနဲ့ အိမ်မပြန်နိုင်ပဲ ဘီယာဆိုင်မှာ ဘီယာဝင်သောက်တာပေါ့ ။ ဖြစ်တတ်ပါတယ်ဗျာနော်။
အဲဒါနဲ့ ဘယ်လောက်တောင်သောက်မိလိုက်လဲ မသိဘူး ကျနော်သတိရ တဲ့အ ခါကျတော့ ကျနော့်ကားက
လမ်းဘေး ဓါတ်တိုင်ဝင်တိုက်ထားတာ အကုန်လုံး အမှုန့် ကိုကြေနေပြီခင်ဗျ ။
လူကတော့ ကံဆိုးတဲ့ထဲ ကံနည်းနည်းကောင်းတော့ ဘာမှမဖြစ်ခဲ့ ပဲ ရဲစခန်းရောက်ရုံ ဆိုပါတော့လေ ။
အဲဒါနဲ့ လူအမှုကိုစစ်ပြီး ဒဏ်ငွေဆောင်ရတယ်ပေါ့လေ။ အမှုဖြစ်တဲ့ ကားကို စစ်လိုက်တော့ ကားက
တင်သွင်းခွင့် နဲ့ မညီတဲ့ ကားဖြစ်နေပြန်ရောခင်ဗျ။
ဒါနဲ့ ကျနော့ကားကိုဘာမှပြန်မလုပ်တော့ပဲ အဆုံးပဲခံလိုက်တော့တာကိုး။
ဒဏ်ငွေကတော့ သိန်း( ၁၀၀)လောက်တော့ ကုန်သွားတာပေါ့လေ ၊။
ရဲစခန်း ကလည်း ပြန်လာရော ကျနော့်အိမ်မှာ လူစုံတက်စုံနဲ့ ရပ်ကွက်လုကြီးတွေပါ ရောက်နေကြတော့
ဘာများလဲလို့ မေးကြည့်တော့ ကျနော်ဝယ်ထားတဲ့ တိုက်ခန်းက အမွေဆိုင်တဲ့ အမှုဖြစ် တုန်းမှာ ကြားက ပွဲစား က ဂရမ်အတုနဲ့ ကျနော့်ကိုလိမ်ရောင်းထားတဲ့ တိုက်ခန်း ဖြစ်နေတာကိုး။
အဲဒီတော့ဗျာ ကျနော်လည်း ခုမှ ရဲစခန်းကပဲရောက်တယ် နောက်အမှုတစ်ခုက ထပ်တိုးနဲ့ စိတ်ညစ်မခံနိုင်တော့လို့ ကဲ တိုက်ခန်းကိုပဲ အဆုံးခံလိုက်တော့မယ် ။ ဘာမှကိုမပြောချင်တော့ဘူးလေ
ဆိုပြီး တိုက်ပေါ်ကဆင်းလာခဲ့ပါတယ်။
ဟုတ်တယ်လေ ခင်ဗျားတို့ပဲ စဉ်းစားကြည့် ထီပေါက်လို့မိန်းမ ယူမယ်ကြံကာရှိသေး မိန်းမခိုးမှုနဲ့ တရားစွဲမယ့်လူက ပေါ်လာတယ်။ စိတ်ညစ်လို့ ဘီယာသောက်တော့ ဓါတ်တိုင်ကို ကားဝင်ဆောင့်လို့ ရဲစခန်းမှာ ဒဏ်ရိုက်ခံရတယ်။ ဒီကြားထဲ အိမ်ခန်း ကိစ္စ အမှုဖြစ်ဦးမယ်ဆိုတော့ ဘယ်ခံနိုင်ပါ့မလဲ။
ရူးသွား ရုံပဲရှိတော့မှာပေါ့။
ကဲ လူတော့အရူးမခံနိုင်တော့ ဘူး ရှိတဲ့ ငွေလေးနဲ့ပဲ ကိုယ့် ရွာ ကိုယ်ပြန်ပြီး လုပ်ကိုင် စားသောက်တော့မယ်လို့ ဆုံးဖြတ်ပြီး ရွာကိုပြန်လာခဲ့ပါတယ် ။ လက်ထဲမှာက သိန်းတရာပဲ ကျန်တော့
ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတာ နဲ့ သူငယ်ချင်တွေ ဆီ အကြံတောင်းပါတယ် ။
သူငယ်ချင်းတွေကလည်း ဟေ့ကောင် တောင်တောင်အီအီစဉ်းစားမနေနဲ့ ခုကလမ်းပန်းဆက်သွယ်ရေးက တရွာနဲ့ တရွာသွားရတာ နည်းနည်း အဆင်ပြေလာတော့ မင်းထော်လာဂျီဝယ် ကွာ ဆိုတာနဲ့
ကျနော့်လက်ထဲမယ်ရှိတဲ့ သိန်းတရာထဲ က သိန်း(၆၀)နဲ့ ထော်လာဂျီ နှစ်စီး ၀ယ်လိုက်ပါတယ်
လမ်းစရိတ် ဘာစရိတ်နဲ့ ဆိုတော့ သိန်း (ရ၀) လောက်ကုန်သွားတာပေါ့လေ။
အဲ ဒါနဲ့ ထော်လာဂျီက လည်း ကိုယ်တိုင်မ မောင်းတတ်တာနဲ့ ကျနော်နဲ့ ရင်းနှီးတဲ့ ညီအ ကိုနှစ်ယောက်ကို
တစ်ယောက် တစ်စီးစီ ပေးမောင်းခိုင်းထားပါတယ် ။ သုံးပုံ တစ်ပုံ စားနဲ့ပေါ့ .။
ကောင်လေးတွေက လည်း လိမ္မာ ကြတယ်ခင်ဗျာ။ မိဘကို လုပ်ကျွေးရှာကြတာ ။
ဒါပေမယ့် အကုသိုလ် ၀င်လာရင် အဖေါ်အပေါင်းတွေနဲ့ ၀င်လာတယ်ဆိုတဲ့ အတိုင်း တစ်နေ့တော့
ထော်လာဂျီ တိုက်ပါရောဗျာ ။ တိုက်တာမှ ကိုယ့်ထော်လာဂျီနှစ်စီးလုံးချည်းပဲ လမ်းဆုံ မှာ ညီအကိုနှစ်ယောက် ခေါင်းချင်းဆိုင်ပြီးတော့ အရှိန်ပြင်းပြင်းလေးနဲ့ ချလိုက်တာ ထော်လာဂျီလည်း
ရ စရာမရှိ ညီအကိုနှစ်ယောက်လည်း ဆေးရုံမှာ တစ်လလောက် တင်လိုက်ရတယ် လေ။
အဲဒါနဲ့ ညီအကိုနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်အမှုမဖွင့်နိုင်လို့တော်သေးတယ်။
ဒါတောင်ယဉ်တိုက်မှုကို ရှင်းလိုက်ရတာ သိန်း (၂၀) လောက်ပြုတ်သွားတယ် ။
သူတို့ ညီအကိုနှစ်ယောက် ဆေးရုံ တင်တာနဲ့ သူ့မိဘကိုလည်းထောက်ပံ့ရသေးတာနဲ့ဆို ကျနော့်ငွေ တိတိကျကျေ ပြာရရင် ကိုးသိန်းနဲ့ ကိုးသောင်းနဲ့ကိုးထောင်နဲ့ ခုနစ်ရာ တိတိ ကုန်သွားပါတယ်ခင်ဗျာ။
စဉ်းစားသာကြည့်တော့ဗျာ စိတ်ကူးယဉ်ပြီးထီပေါက်လိုက်တာ ကျနော်တော်တော်လေးကို စိတ်ညစ်သွားတယ် သိလား။
ကျနော့်လက်ထဲမှာ ထီပေါက်ထားတဲ့ငွေ ဘယ်လောက်ကျန် လဲဆို သုံးရာ ကျန်သေးတယ်ခင်ဗျ။
အဲဒီငွေကို ကျနော်ဘာလုပ်မယ်ထင်လဲ။
ဟဲ ဟဲ ထီ ထိုးမှာပေါ့....................................။ ။
(မှတ်ချက် ။ ။ ကျနော် ရေးထားသောအ ကြောင်းရာများ အားလုံး သည် စိတ်ကူး သက်သက်သာဖြစ်ပါကြောင်း ကားဥပဒေ၊ အိမ်ခြံမြေ ဥပဒေ၊ ရဲစခန်း အကြောင်း ဘာမှမသိပဲနဲ့။ စိတ်ကူးသက်သက် သာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။)
No comments:
Post a Comment